ရင်ထဲကကဗျာ

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁)
“ဧည့်သည်ကြီး”
ဆေးလိပ်လည်းတိုနေလည်းညိုပြီငါ့ကို ပြန်ပို့ကြပါလေ။

Read More...

အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများ မမေ့အာဇာနည်နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ် NEJ / ၂၀ ဇူလိုင် ၂၀၀၉

ရန်ကုန်မြို့သူမြို့သားများအနေဖြင့် အာဇာနည်နေ့နှင့် ပတ်သက်သော အထိမ်းအမှတ် အခမ်းအနားများကို မကြုံဖူးသည်မှာ ကြာပြီဖြစ်သော်လည်း ယမန်နေ့က ကျရောက်သော (၆၂) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို မေ့ပျောက်သွားခြင်းမရှိကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။“ကျမက ဒီနေ့ ဘာနေ့ဆိုတာ သိတယ်။ ဘယ်မေ့မလဲရှင်။ မြန်မာနိုင်ငံအတွက် မေ့လို့မရတဲ့နေ့တနေ့ ဖြစ်ခဲ့တာပဲ။ မေ့နေတယ် ဆိုတဲ့သူ လုံးဝမရှိနိုင်ဘူးလို့ ကျမ ယုံတယ်။ ဘယ်သူတွေကပဲ ဘယ်လိုနည်းနှင့် သမိုင်းကိုမေ့စေလိုပေမယ့် ဘယ်သူမှ မမေ့နိုင် ဘူး။ အာဇာနည်တွေအတွက် ဒီနေ့ ကျမက အိမ်မှာပဲ အမျှဝေပါတယ်” ဟု ရန်ကုန် ကျောက်တံတားမြို့နယ်မှ ပြည်သူတဦးက ပြောသည်။စစ်အစိုးရကမူ (၆၂) နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်မြို့တော်ဝန်က ဦးစီးကျင်းပသောအဆင့်ဖြင့်သာ ပြီးဆုံးစေခဲ့ကြောင်း သိရသည်။“ထူးထူးခြားခြားမရှိဘူး။ မြို့တော်ဝန်က လွမ်းသူ့ပန်းခွေ ချတယ်။ ဒါလောက်ပါပဲ” ဟု ရန်ကုန်စည်ပင်မှ တာဝန်ကျ ၀န်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီး အောင်ဆန်းဦး၏လွမ်းသူ့ပန်းခွေဖြင့် ဂါရ၀ပြုခြင်းကို ၎င်းတို့မိသားစုကိုယ်စား ဦးလှဖေဆိုသူက လာရောက်ဆောင်ရွက်သည်ဟု သိရသည်။“တခြားမိသားစုတွေ တော်တော်များများလာကြတယ်ဗျ။ ဗိုလ်ချုပ်သားကြီးတော့ မလာဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွမ်းသူ့ ပန်းခွေလည်း မတွေ့ရဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ပြောသည်။ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်မှာ (၆၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိဘဲ နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရကာ အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသဖြင့် အင်းစိန်ထောင်ဆေးရုံရှိ အကျဉ်းသားများကိုသာ လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။(၆၂) နှစ်မြောက် အာဇာနည်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင်လည်း အာဇာနည်ကြီးများကို ရည်စူး၍ နံနက် (၅) နာရီတွင် သံဃာတော် (၅) ပါးအား အရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် နံနက် (၁၀) နာရီခွဲတွင် အန်အယ်လ်ဒီ ပါတီဝင်များနှင့် ဧည့်ပရိသတ် စုစုပေါင်း (၁,၀၀၀) ခန့် ရုံးရှေ့မှတဆင့် အာဇာနည်ဂူဗိမာန်ဆီသို့ ဦးညွှတ်အရိုအသေပြုခဲ့ကြသည်။အာဇာနည်ဗိမာန်သို့ သွားရောက်ခဲ့ကြသော အန်အယ်လ်ဒီလူငယ်အချို့အား ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ပုံပါ တီရှပ်များ ၀တ်ဆင်ထားသဖြင့် သွားရောက်ခွင့်မပြုနိုင်ဟု ကန့်သတ်မှုများ ရှိခဲ့ကြောင်းလည်း ဦးအုံးကြိုင်က ပြောသည်။“ပထမကြားတာကတော့ ကားနဲ့ခေါ်သွားပြီလို့ ကြားတယ်။ နောက် တချို့အဖွဲ့ဝင်တွေ ပြန်လာတယ်။ အ၀မှာ အာဇာနည်ဗိမာန် ထိပ်မှာ သူတို့ကို ရပ်ခိုင်းပြီး တီရှပ်ဝတ်ထားတဲ့သူတွေနဲ့ ဒေါ်နော်အုံးလှကို သွားခွင့်မပြုနိုင်ဘူးလို့ ပြောပြီး ပြန်ခိုင်းတယ်။ အခြားသူတွေကိုတော့ ၀င်ခွင့်ပြုလိုက်တယ်တဲ့” ဟု ၎င်းက ပြောသည်။၁၉၄၇ ခု၊ ဇူလိုင် (၁၉) ရက် နံနက် (၁၀) နာရီခွဲခန့်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစော၏ နောက်လိုက်များက ၀င်ရောက်ပစ်ခတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့သည်။ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သည့် အာဇာနည်များအား ရည်စူး၍ ဇူလိုင် (၁၉) ရက်ရောက်တိုင်း အောက်မေ့ဖွယ် အာဇာနည်နေ့ ဂါရ၀ပြုအခမ်းအနားများကို ကျဆုံးခဲ့သည့် အာဇာနည်ကြီးများ၏ မိသားစုများနှင့် ပြည်သူများက နှစ်စဉ်ကျင်းပလေ့ရှိသည်။ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရခင်က နေထိုင်သွားခဲ့သည့် နေအိမ်ကိုလည်း ရန်ကုန်မြို့တွင် အများပြည်သူများကြည့်ရှုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဖြစ် ဖွင့်လှစ်ထားခဲ့ရာ အာဇာနည်နေ့ရောက်တိုင်း လာရောက်ကြည့်ရှုသူများဖြင့် စည်ကားမြဲဖြစ်သည်။ယခု (၆၂) နှစ်မြောက် အာဇာနည်နေ့တွင်မူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ကြည့်ရှုသူများသည် ပြတိုက်အပေါ်ထပ် သို့ တက်ခွင့်မရကြောင်း သိရသည်။“အပေါ်ထပ်ကို ပေးမတက်ပါဘူး။ အဲဒီမှာ တာဝန်ကျနေတဲ့ ယဉ်ကျေးမှုက အမျိုးသမီးတဦးက ပြောပြတာတော့ ပြီးခဲ့တဲ့နှစ်က နာဂစ်မုန်တိုင်း တိုက်လိုက်တော့ ဗိုလ်ချုပ်အိမ်က အပေါ်ထပ်ကိုတက်တဲ့ လှေကားနှစ်ခုမှာ တခုက ကျိုးသွားတာတဲ့။ အဲဒါကို ပြန်မပြင်ရသေးလို့ ဆိုပြီးတော့ ပေးမတက်တာတဲ့” ဟု ပြတိုက်သို့ သွားရောက်ခဲ့သည့် အမျိုးသမီးတဦးက ပြောသည်။ပြတိုက်၏အပေါ်ထပ် အတက်လှေကားရှေ့တွင် ပြတိုက်အား ကြံ့ခိုင်မှုနှင့်ရေရှည်ထိန်းသိမ်းရန် အပေါ်သို့ တက်ခွင့်မပြုကြောင်း စာရေးသားထားသည်ဟု ၎င်းက ပြောသည်။သို့သော် ပြတိုက်တွင် အလေးပြုပါတယ်၊ မြန်မာ့လွတ်လပ်ရေး၊ အာဇာနည်မှာချွေသည့်စကား၊ ဗိုလ်ချုပ်မွေးဌာနီ၊ အမွေဆက်ခံသူ တို့တာဝန်၊ ကမ္ဘာတည်ရစ်မယ့် (၁၉) ဇူလိုင် စသော တေးသီချင်းများကို ဖွင့်ပေးထားကြောင်း ပြတိုက်ကို သွားခဲ့သည့် ပြည်သူတဦးက ပြောသည်။၎င်းက “ကျနော်တို့ ငယ်ငယ်က ရေဒီယိုကလွှင့်နေကျ သီချင်းတွေ မကြားရတာကြာပြီ။ ဒီကိုလာတော့ ကြားလိုက်ရတာနဲ့  စိတ်ထဲမှာ ဘယ်လိုတွေ ဖြစ်သွားမှန်း မသိဘူး။ ဖော်ပြလို့ မရဘူးဗျာ” ဟု ပြောသည်။ဗိုလ်ချုပ်သည် အဆိုပါနေအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄ရ ခုနှစ်၊ ဇူလိုင်လထိ နေထိုင်ခဲ့ကြောင်း ပြတိုက်မှတ်တမ်းများအရ သိရသည်။

Read More...

တွေ့ဆုံခြင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမည့်သူများတွင်ဒေါက်တာစင်သီယာမောင် ပါဝင် NEJ / ၂၁ ဇူလိုင် ၂၀၀၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်သည် ထိုင်းနိုင်ငံရှိ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသမီးများနှင့် တွေ့ဆုံမည်ဖြစ်ရာ ယင်းသို့တွေ့ဆုံမည့်သူများတွင် မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ကြောင်း သိရသည်။ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပတော့မည့် အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ တက်ရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မနက်ဖြန်တွင် တွေ့ဆုံရန်ရှိကြောင်း ဒေါက်တာစင်သီယာမောင်က ပြောသည်။၎င်းက “မနက်ဖြန် သူနဲ့တွေ့မှာဖြစ်တယ်။ ကျမအနေနဲ့ အဓိကကတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ပြန်လည်ထွန်းကားရေး၊ မြန်မာပြည် ပြန်လည်ထူထောင်ရေးတွေမှာ နိုင်ငံတကာမိသားစုရဲ့ ကူညီပံ့ပိုးမှုတွေ ပိုပြီးတော့ ပေးနိုင်ဖို့ ပြောဆိုသွားမှာ ဖြစ်တယ်” ဟု ပြောသည်။၁၉၈၈ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများအား အာဏာသိမ်းစစ်အုပ်စုမှ နှိမ်နင်းဖြိုခွဲကာ လိုက်လံဖမ်းဆည်းမှုများ ကြောင့် မြန်မာနိုင်ငံမှ ထိုင်းနယ်စပ်သို့ သောင်းနှင့်ချီ တိမ်းရှောင်လာကြသူများတွင် ဒေါက်တာစင်သီယာမောင်လည်း တဦးအပါအ၀င်ဖြစ်သည်။ထို့နောက် ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌် တဲငယ်လေးတခုကို ဆေးခန်းသဖွယ်အသုံးပြု၍ ဒေါက်တာ စင်သီယာမောင် ဦးစီးကာ ဒေသတွင်းရောက် မြန်မာနိုင်ငံသားများနှင့် နယ်စပ်ရှိ ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်မှုမရှိဘဲ ချို့တဲ့စွာ စတင်လှုပ်ရှားခဲ့သည့် မယ်တော်ဆေးခန်းမှာ သက်တမ်းနှစ် (၂၀) ရှိခဲ့ပြီး ယခုအခါ ဆရာဝန် ဆရာမများ၊ ကျန်းမာရေးလုပ်သားများနှင့်အတူ နှစ်စဉ်ဝေဒနာရှင်ပေါင်း (၅) သောင်းခန့်အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့လုပ်ဆောင်ပေးလျက်ရှိသည်။ဆေးခန်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၊ အတွင်းလူနာဌာန၊ ဓာတ်ခွဲခန်း၊ သွေးလှူဘဏ်၊ သားဖွားဌာန၊ မျက်စိဌာန၊ သွားကုသရေးဌာန၊ ခြေတုလက်တုဌာန၊ လူမှုဆက်ဆံရေးဌာန၊ လူနာမှတ်ပုံတင်ဌာနနှင့် အိပ်ခ်ျအိုင်ဗွီ ပညာပေးရေးဌာနများက နေ့စဉ် လူနာပေါင်း (၃၀၀) ခန့်ကို အခမဲ့ ဆေးဝါးကုသပေးလျက်ရှိသည်။ထို့အပြင် ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာရေးအတွက် မယ်တော်ဆေးခန်း အနီးတွင် မိဘမဲ့ကလေးဂေဟာ၊ နေ့ကလေးထိန်းကျောင်း၊ မူလတန်းကျောင်၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ကာ ပညာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ဒေါက်တာ စင်သီယာမောင်သည် အာရှနိုဘယ်လ်ဆုဟု ခေါ်သည့် ရေမွန်မက်ဆေးဆေးဆု အပါအ၀င် နိုင်ငံတကာမှ ပေးအပ်ထားသည့် ဆုပေါင်း (၁၅) ဆု ရရှိထားသည်။

Read More...

စစ်ဆေးခြင်း

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေးဒု-ရဲအုပ် (၁) ဦးနှင့် ပွဲစား (၂၇) ဦးကို ဖမ်းဆီးထား NEJ / ၂၁ ဇူလိုင် ၂၀၀၉

ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတို့ကို နေပြည်တော်မှအထူးအဖွဲ့ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒု-ရဲအုပ် (၁) ဦးနှင့် ပတ်စ်ပို့ပွဲစား (၂၇) ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒု-ရဲအုပ်တဦးက “ရုံးက လူကြီးတွေ ကျနော်တို့ကို ပြောတာကတော့ နေပြည်တော်က တပ်မတော် အရာရှိတချို့ ထွက်ပြေးတိမ်းရှောင်နေတာ ရှိတယ်။ တချို့ ရိုးရိုးသာမန်ပတ်စ်ပို့လုပ်ပြီး ရန်ကုန်လေဆိပ်ကနေပဲ နိုင်ငံခြား ထွက်သွားခဲ့တယ်လို့ ဆိုတယ်။ ဒီအထဲမှာ ယူကရိန်းက နျူကလီးယား သိပ္ပံပညာ လေ့လာခဲ့တဲ့ အရာရှိငယ် တယောက်လည်း ပါသွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် အသည်းအသန် ခုလို နေပြည်တော်က အထူးအဖွဲ့ ဆင်းလာပြီး ဖမ်းဆီးစစ်ဆေးနေတာလို့ သိရတယ်” ဟု ပြောသည်။နေပြည်တော်မှဆင်းလာသည့် စသုံးလုံး၊ စီအိုင်ဒီနှင့် အခြားအဖွဲ့ဝင်များပါသည့် အထူးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုနှင့် ပတ်စ်ပို့စာအုပ်လုပ်သည့် ကိစ္စများကို အဓိကထားစစ်ဆေးပြီး ယင်းကိစ္စများနှင့်ဆက်စပ်နေသည့် ပွဲစားများကိုပါ လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းက ပြောသည်။ပုံစံ (၁၉) ထုတ်ပေးရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့လည်း ယမန်နေ့က အထူးအဖွဲ့ရောက်လာပြီး လူစာရင်းတောင်းကာ တယောက်ချင်း စစ်ဆေးရေးစတင်နေပြီဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိတဦးက အတည်ပြုပြောကြားသည်။နေပြည်တော်မှ တပ်မတော်အရာထမ်းအချို့ တိမ်းရှောင်ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်၍ “ပြီးခဲ့တဲ့တလလောက်တုန်းက နေပြည်တော် စစ်ရုံးချုပ်က တပ်ကြပ်ကြီးစာရေးအဆင့် စုစုပေါင်း (၁၁) ဦး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရတယ်။ တချို့က ခွင့်နဲ့သွားပြီး ပြန်မလာတာရှိသလို တချို့ကတော့ ပျဉ်းမနားဘက်ကို အားလပ်ချိန် ထွက်သွားပြီး ပြန်မလာတော့တာ။ သူတို့ထဲမှာ ရုရှားပြန်တချို့လည်း ပါတယ်လို့ သိရတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်မတော်အရာရှိဟောင်း တဦးက ခေတ်ပြိုင်သို့ ပြောသည်။ထွက်ပြေးသွားသည့် တပ်မတော်အရာထမ်းများ၏ မိဘ၊ ဆွေမျိုး နေအိမ်များကို ၀င်ရောက်စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ထူးခြားသည်ဟု မကြားသိရကြောင်း၊ ရန်ကုန် ပတ်စ်ပို့ရုံးကို နေပြည်တော်က အထူးအဖွဲ့ ဝင်ရောက်ဖမ်းဆီး စစ်ဆေးနေခြင်းသည် ယင်းတပ်မတော်သားများ ထွက်ပြေးမှုနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ပြောသည်။“အခုလို ထွက်ပြေးသွားတဲ့ တပ်ကြပ်ကြီးစာရေးအဆင့် တပ်မတော်သားတွေထဲမှာ တပ်မတော်မှတ်တမ်းရုံးကလည်း ပါတာကြောင့် လောလောဆယ် အင်တာနက်နဲ့ နိုင်ငံခြားသတင်းဌာနတွေမှာ ပျံ့နှံ့နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ်မှတ်တမ်း၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်ဌေးဦးရဲ့ အစည်းအဝေးမှတ်တမ်း စတာတွေဟာ သူတို့ဖြန့်ဖြူးတာဖြစ်နိုင်တယ်” ဟု အဆိုပါ တပ်မတော်အရာရှိဟောင်းတဦးက သုံးသပ်သည်။ရန်ကုန် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသည် တနိုင်ငံလုံးမှ ပြည်သူများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ သံတမန်များအား ပတ်စ်ပို့ထုတ်ပေးသည့် လာဘ်ပေးလာဘ်ယူ အများဆုံး ရုံးတရုံးဖြစ်ပြီး တာဝန်ကျရဲနှင့် လဝက ဝန်ထမ်းများ ဝင်ငွေအဖြောင့်ဆုံး ရုံးလည်းဖြစ်သည်။နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ နအဖစစ်အစိုးရက အခက်အခဲပေါင်းစုံ ဖန်တီးထားသည့်အတွက် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်နေခြင်းဖြစ်ပြီး ငွေတတ်နိုင်သူ မည်သူမဆို မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတု စသည်များပြုလုပ်နိုင်ကာ တရားဝင် နိုင်ငံကူးလက်မှတ်တခုအထိ ပြုလုပ်နိုင်သည်ဟု မြို့ခံများက ပြောသည်။ယခုကဲ့သို့ နေပြည်တော်အထူးအဖွဲ့၏ စစ်ဆေးဖမ်းဆီးမှုများသည် မကြာခင် မြို့နယ်အဆင့် လဝကရုံးများနှင့် ပြည်တွင်းအခွန် ဦးစီးဌာနရုံးများအထိ ပျံ့နှံ့သွားနိုင်သည်ဟု ၀န်ထမ်းများက ပြောဆိုနေကြသည်။

Read More...

ရွေးကောက်ပွဲ


၂၀၀၉ ခုနှစ် အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ


ဆောင်းပါး
မြတ်စိုး
ကြာသပတေးနေ့၊ ဂျူလိုင်လ 09 ရက် 2009 ခုနှစ် 14 နာရီ 04 မိနစ်
ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Susilo Bambang Yudhoyono က ဦးဆောင်နေတယ်လို့ ရွေးကောက်ပွဲအပြီး မဲရုံက ထွက်လာကြတဲ့ မဲပေးသူတွေကို လေ့လာဆန်းစစ်ချက်အရ ကြိုတင်သိရှိရတယ်လို့ CNN ရုပ်မြင်သံကြား သတင်းထဲမှာ ဖော်ပြပါရှိပါတယ်။ ပျမ်းမျှအားဖြင့် မဲရုံပေါင်း ၆ ရုံမှာ ၆၀ ရာခိုင်နှုန်းကို လက်ရှိသမ္မတက အနိုင်ရရှိနေပြီး၊ ၂၇ ရာခိုင်နှုန်းကို သမ္မတဟောင်း Megawati Sukarnoputri နဲ့ ၁၂ ရာခိုင်နှုန်းကို ဒုတိယ သမ္မတ Yusuf Kalla က ရရှိနေတယ်လို့ သိရပါတယ်။ကျွန်းပေါင်း ၁ရ,၅၀၈ ရှိတဲ့ အင်ဒိုနီရှားနိုင်ငံမှာ မဲပေးသူ စုစုပေါင်း ၁၇၅ သန်း ကျော်ရှိပြီး၊ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ့်သူအတွက် နောက်ဆုံးရလဒ်ကို နောက်အပတ်ကျမှ တရားဝင် ကြေညာနိုင်မယ်လို့ သိရတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာမှာ စတုတ္တ လူဦးရေ အများဆုံးနဲ့ မူဆလင်ဘာသာ ကိုးကွယ်သူ အများဆုံးနေထိုင်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် လေ့လာဆန်းဆစ်ချက်အရ အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ ၂၃၇,၅၁၂,၃၅၂ (သန်းပေါင်း ၂၃၇ သန်းကျော်) နေထိုင်ကြကြောင်း သိရပါတယ်။၁၉၉၈ ခုနှစ် အာရှတိုက်မှာ ငွေကြေးဆိုင်ရာ စီးပွားရေး ပြဿနာ အကျပ်အတည်းများနဲ့ ရင်ဆိုင်ရခဲ့ပြီးနောက် အင်ဒိုနီးရှားမှာ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း ဆူဟာတို ပြုတ်ကျသွားခဲ့ပါတယ်။ အာဏာရှင်ဟောင်း ဆူဟာတို ပြုတ်ကျသွားခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီးနောက် ပြည်သူတွေက အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတကို ဒီမိုကရေစီနည်းလမ်းနဲ့ တိုက်ရိုက်ရွေးချယ်ခဲ့ကြတယ်။ ဒီ ရွေးကောက်ပွဲဟာ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီနည်းလမ်းနဲ့ သမ္မတသစ်ကို ရွေးချယ်ပေးမယ့် ရွေးကောက်ပွဲတခု ဖြစ်ပါတယ်။၂၀၀၄ ခုနှစ်က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Susilo Bambang Yudhoyono က ပထမ အကြိမ်မြောက် ဒီမိုကရေစီနည်းလမ်းနဲ့ တိုက်ရိုက်ရွေးချယ်ခဲ့တဲ့ သမ္မတဟောင်း Megawati Sukarnoputri ကို အနိုင်ရယူခဲ့တယ်။ ရွေးကောက်ပွဲ အကြိုမှာ လက်ရှိ ဒုတိယ သမ္မတ Yusuf Kalla က အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်ပေးခဲ့မှုကြောင့် အနိုင်ရကြလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး၊ လက်ရှိ သမ္မတ Susilo Bambang Yudhoyono ကလည်း ဆူနာမီအပြီး တိုင်းပြည်ကို ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွေနဲ့ အစိုးရအတွင်း လာဘ်ပေးလာဘ်ယူမှုများကို ပြင်းထန်စွာ တိုက်ဖျက်အရေးယူခဲ့မှုတွေကြောင့် သမ္မတအဖြစ် ပြန်လည်တင်မြှောက် ရွေးချယ်ခြင်းခံရဖို့ အထူးရေပန်းစားခဲ့တယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးဟာ မနှစ်က ၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး၊ ဒီနှစ် ပထမအပတ် နှစ်ပတ်လည်မှာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆုံးနှုန်းနဲ့ တိုးတက်နေတဲ့ နိုင်ငံအဖြစ် တည်ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြတဲ့ လူဦးရေ သန်းပေါင်း ၄ဝ ရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ တနေ့ကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၅ (US $ 1.25 PPP per day) အောက်မှာ နေထိုင်နေရတဲ့သူတွေကို ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြတဲ့ သူတွေအဖြစ် သတ်မှတ်ထားကြကြောင်း သိရပါတယ်။ (မှတ်ချက်။ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ သိရပါတယ်)။အာဏာရှင်စနစ်အောက်က လွတ်မြောက်လာကြတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ အပါအဝင် အရှေ့ဥရောပ နိုင်ငံတွေမှာ တိုင်းပြည်ရဲ့ စီးပွားရေးဟာ တရှိန်ထိုးတိုးတက်လာကြောင်းနဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က လေ့လာဆန်းစစ်ချက် ပြုလုပ်ထားတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြပါရှိပါတယ်။

Read More...

nandar




Read More...

ဝက်တုတ်ကွေး

မဇ္ဈိမသတင်းဌာန

အင်္ဂါနေ့၊ ဧပြီလ 28 ရက် 2009 ခုနှစ် 11 နာရီ 24 မိနစ်
- ဝက်တုပ်ကွေး ရောဂါသည် မျိုးရိုးဗီဇ ၄ မျိုး ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဗိုင်းရပ်စ်ပိုးသစ် ဖြစ်သည်။ ပထမအသုတ် ဆေးထုတ်လုပ်ရန်အတွက် ၆ လခန့် အချိန်ယူရမည်ဖြစ်ပြီး၊ ပမာဏများများအတွက် ယခုထက် အချိန် ပိုယူရမည် ဖြစ်သည်။ ဤရောဂါသည် ရောဂါဖြစ်ပွားသော ဝက်ကို ထိတွေ့ကိုင်တွယ်မိရာက ကူးစက်ခြင်းဖြစ်ကာ လူမှ လူသို့ ကူးစက်နိုင်သော ရောဂါဖြစ်သဖြင့် ဆားစ်အဆုတ်ရောဂါကဲ့သို့ပင် လျင်မြန်စွာ ကူးစက်ပွားမှု ဖြစ်နေသည်။ ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မက္ကဆီကို နိုင်ငံတွင် ဤတုပ်ကွေးကြောင့် လူ ၂ဝ အသက် ဆုံးရှုံးရသည်ကိုသာ အတည်ပြုနိုင်သော်လည်း စုစုပေါင်း ၁၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း အစောပိုင်းက ကြေညာခဲ့သည်။ သေဆုံးသူများမှာ အသက် ၂ဝ နှစ်မှ ၅ဝ နှစ်ကြား ဖြစ်ကြသည်။ - အခြား နိုင်ငံအချို့တွင်လည်း ရောဂါဖြစ်ပွားသူများ တွေ့လာနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဤရောဂါနှင့် ပတ်သက်၍ အဆင့် ၄ အဆင့်ဟု ကြေညာထားရာ လူမှ လူသို့ ကူးစက်မှု ဖြစ်ပွားနိုင်ပြီး လူမှု အဖွဲ့အစည်းအတွင်း ကပ်ဘေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။ ဝက်တုပ်ကွေး၏ လက္ခဏာများ - ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။ ရှောင်ရန် အထက်ပါ ရောဂါလက္ခဏာဖြစ်လျှင် မိမိနေအိမ်တွင်သာ အနားယူရန်၊ လိုအပ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသ၍ ကုသမှုခံယူရန်၊ အဖျားကြီးခြင်း၊ ချောင်းဆိုးကြာရှည်ခြင်း၊ အသက်ရှူ ခက်ခဲ၍ မောပန်းခြင်း စသည့် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်သည်။ လူတိုင်းလိုက်နာ ဆောင်ရွက်သင့်သည်မှာ - (၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း(၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း(၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း(၄) ကောင်းစွာ အိပ်စက်အနားယူခြင်း(၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း(၆) ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း(၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်းတုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။ ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန်(၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန်(၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန်(၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန်(၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန်(၅) မူရင်းဇစ်မြစ်မသိသော ဝက်များကို ရောင်းချခြင်း မပြုရန်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်(၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ င အထက် ချက်ပြုတ်စားသောက်ရန်

Read More...