၂၀၀၉ ခုနှစ် အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ
ဆောင်းပါး
မြတ်စိုး
ကြာသပတေးနေ့၊ ဂျူလိုင်လ 09 ရက် 2009 ခုနှစ် 14 နာရီ 04 မိနစ်
ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Susilo Bambang Yudhoyono က ဦးဆောင်နေတယ်လို့ ရွေးကောက်ပွဲအပြီး မဲရုံက ထွက်လာကြတဲ့ မဲပေးသူတွေကို လေ့လာဆန်းစစ်ချက်အရ ကြိုတင်သိရှိရတယ်လို့ CNN ရုပ်မြင်သံကြား သတင်းထဲမှာ ဖော်ပြပါရှိပါတယ်။ ပျမ်းမျှအားဖြင့် မဲရုံပေါင်း ၆ ရုံမှာ ၆၀ ရာခိုင်နှုန်းကို လက်ရှိသမ္မတက အနိုင်ရရှိနေပြီး၊ ၂၇ ရာခိုင်နှုန်းကို သမ္မတဟောင်း Megawati Sukarnoputri နဲ့ ၁၂ ရာခိုင်နှုန်းကို ဒုတိယ သမ္မတ Yusuf Kalla က ရရှိနေတယ်လို့ သိရပါတယ်။ကျွန်းပေါင်း ၁ရ,၅၀၈ ရှိတဲ့ အင်ဒိုနီရှားနိုင်ငံမှာ မဲပေးသူ စုစုပေါင်း ၁၇၅ သန်း ကျော်ရှိပြီး၊ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ့်သူအတွက် နောက်ဆုံးရလဒ်ကို နောက်အပတ်ကျမှ တရားဝင် ကြေညာနိုင်မယ်လို့ သိရတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာမှာ စတုတ္တ လူဦးရေ အများဆုံးနဲ့ မူဆလင်ဘာသာ ကိုးကွယ်သူ အများဆုံးနေထိုင်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် လေ့လာဆန်းဆစ်ချက်အရ အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ ၂၃၇,၅၁၂,၃၅၂ (သန်းပေါင်း ၂၃၇ သန်းကျော်) နေထိုင်ကြကြောင်း သိရပါတယ်။၁၉၉၈ ခုနှစ် အာရှတိုက်မှာ ငွေကြေးဆိုင်ရာ စီးပွားရေး ပြဿနာ အကျပ်အတည်းများနဲ့ ရင်ဆိုင်ရခဲ့ပြီးနောက် အင်ဒိုနီးရှားမှာ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း ဆူဟာတို ပြုတ်ကျသွားခဲ့ပါတယ်။ အာဏာရှင်ဟောင်း ဆူဟာတို ပြုတ်ကျသွားခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီးနောက် ပြည်သူတွေက အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတကို ဒီမိုကရေစီနည်းလမ်းနဲ့ တိုက်ရိုက်ရွေးချယ်ခဲ့ကြတယ်။ ဒီ ရွေးကောက်ပွဲဟာ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီနည်းလမ်းနဲ့ သမ္မတသစ်ကို ရွေးချယ်ပေးမယ့် ရွေးကောက်ပွဲတခု ဖြစ်ပါတယ်။၂၀၀၄ ခုနှစ်က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Susilo Bambang Yudhoyono က ပထမ အကြိမ်မြောက် ဒီမိုကရေစီနည်းလမ်းနဲ့ တိုက်ရိုက်ရွေးချယ်ခဲ့တဲ့ သမ္မတဟောင်း Megawati Sukarnoputri ကို အနိုင်ရယူခဲ့တယ်။ ရွေးကောက်ပွဲ အကြိုမှာ လက်ရှိ ဒုတိယ သမ္မတ Yusuf Kalla က အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်ပေးခဲ့မှုကြောင့် အနိုင်ရကြလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး၊ လက်ရှိ သမ္မတ Susilo Bambang Yudhoyono ကလည်း ဆူနာမီအပြီး တိုင်းပြည်ကို ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွေနဲ့ အစိုးရအတွင်း လာဘ်ပေးလာဘ်ယူမှုများကို ပြင်းထန်စွာ တိုက်ဖျက်အရေးယူခဲ့မှုတွေကြောင့် သမ္မတအဖြစ် ပြန်လည်တင်မြှောက် ရွေးချယ်ခြင်းခံရဖို့ အထူးရေပန်းစားခဲ့တယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးဟာ မနှစ်က ၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး၊ ဒီနှစ် ပထမအပတ် နှစ်ပတ်လည်မှာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ စီးပွားရေးဖွံ့ဖြိုးမှု အမြန်ဆုံးနှုန်းနဲ့ တိုးတက်နေတဲ့ နိုင်ငံအဖြစ် တည်ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြတဲ့ လူဦးရေ သန်းပေါင်း ၄ဝ ရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ တနေ့ကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၅ (US $ 1.25 PPP per day) အောက်မှာ နေထိုင်နေရတဲ့သူတွေကို ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြတဲ့ သူတွေအဖြစ် သတ်မှတ်ထားကြကြောင်း သိရပါတယ်။ (မှတ်ချက်။ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ သိရပါတယ်)။အာဏာရှင်စနစ်အောက်က လွတ်မြောက်လာကြတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ အပါအဝင် အရှေ့ဥရောပ နိုင်ငံတွေမှာ တိုင်းပြည်ရဲ့ စီးပွားရေးဟာ တရှိန်ထိုးတိုးတက်လာကြောင်းနဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က လေ့လာဆန်းစစ်ချက် ပြုလုပ်ထားတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြပါရှိပါတယ်။

0 comments:
Post a Comment
Please give me a coomand.
Thank you.